ဆေးခြောက် Vs စတုန်နာ ဆယ်လီ
၁၊ ပုံမှန်ထက် လူသိများပြီး နယ်ပယ်တခုစီမှာ အထိုက်အလျောက် အောင်မြင်နေတဲ့ လူတွေက မူးယစ်ဆေးဝါး (ဒေသအခေါ်အဝေါ်) နဲ့ပက်သက်ပြီး ပေါ်ပေါ်ထင်ထင် ထောက်ခံမှုပြုဖို့က မလွယ်ဘူးနဲ့ တူပါတယ်၊ တကယ်ဆို ဆေးခြောက်သောက်တဲ့ လူတွေက အများကြီးပါ၊ နယ်ပယ်စုံ လူစုံပါတယ်၊ သူတို့ရဲ့ ပရိတ်သတ်တွေ အမြင်စောင်းမှာကို စိုးရိမ်ကြတာလည်း ဖြစ်နိုင်သလို မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို မလွန်ဆန်နိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်၊
တချို့ကျတော့လည်း စစ်အစိုးရရဲ့ အကြောက်တရား စနစ်ကနေ ရုန်းမထွက်နိုင်တာ ဖြစ်နိုင်သေးသလို အဆိုးဝါးဆုံး စိတ်ကူးကတော့ ဆေးခြောက်သောက်နေသူတွေ ကိုယ်တိုင်ကအစ ဆေးခြောက်သောက်တာဟာ မကောင်းဘူး၊ ဆေးခြောက်ဆိုတာ မူးယစ်ဆေးဝါးလို့ မသိစိတ်ထဲမှာ ထင်မြင်နေတဲ့ကိစ္စပါပဲ၊
၂၊ ဟိုတရက်ကပဲ သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တယ်၊ ကျနော် ဒီကိစ္စတွေကို လုပ်နေတာ၊ လုပ်လို့ရနေတာမှာ အကြောင်းပြချက်တွေရှိတယ်၊ ပထမဆုံး အချက်အနေနဲ့ ကျနော်ဟာ မိသားစုရဲ့ ချုပ်ခြယ်စိုးမိုးမှု၊ မိသားစုရဲ့ သြဇာလွှမ်းမိုးမှုကနေ လွတ်ကင်းနေခြင်းပါ၊ ဆိုလိုတာက မိသားစုရဲ့ ထိန်းချုပ်မှု၊ ဒါမှမဟုတ် တအိမ်ထောင်လုံးရဲ့ သဘောထား ဆန္ဒတွေကို ထူးထူးခြားခြား ထည့်သွင်းစဥ်းစားနေစရာ မလိုခြင်းပါ၊ အရှင်းဆုံးပြောရရင် ကျနော်က ကျနော့အိမ်မှာ ဘာလုပ်လုပ်၊ လုပ်ချင်ရာလုပ် အမေရော အမတွေရောက ဘာတခုမှဝင်ရောက်စွက်ဖက်တာ မရှိပါဘူး၊ ချစ်လို့ အလိုလိုက်ထားတာ ဖြစ်နိုင်သလို မနိုင်လို့ လွှတ်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်၊
နောက်တခုက ဆွေးမျိုးနဲ့ ပတ်ဝန်းကျင်ပါ၊ အဲဒီမှာလည်း ပြောစရာတွေရှိပါပြီ၊ ကျနော်က ဆေးခြောက်တရားဝင်ရေး လုပ်တဲ့အခါမှာ လူတွေကို " ငါကဆေးခြောက်သောက်တဲ့ကောင်ပဲ ငါကဆေးခြောက်ကြိုက်တဲ့ကောင်ပဲ" လို့ တရားဝင် လူသိရှင်ကြား ထုတ်ဖော်ကြေငြာလိုက်တဲ့သဘောပါ၊ ဆိုလိုတာက ဆွေးမျိုးတွေ အားလုံးရော၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း တခုလုံးကိုရော အတိအလင်း စိမ်ခေါ်လိုက်တာပါ၊ ခဗျားတို့ လက်ခံနိုင်ရင် လက်ခံ လက်မခံနိုင်လည်း ဂရုမစိုက်ဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်၊
နောက်တချက်ကျတော့ အလုပ်အကိုင်နဲ့ ဆက်စပ်ပါတယ်၊ ၂၀၁၇ ထဲက ကျနော် သူများအလုပ် မလုပ်တော့တာပါ၊ အရင်တုန်းကတော့ ကားတွေဘာတွေ မောင်းပါတယ်၊ နောက်ပိုင်း ကိုယ့်ဟာကို ကားတစီးဝယ်ပြီး တက္ကစီမောင်းတာတော့ ရှိပါသေးတယ်၊ ဒါပေမဲ့ ၂၀၁၉ နှစ်စပိုင်းကနေစပြီး ဘာအလုပ်မှ မလုပ်တော့ပါ၊ ဆိုလိုတာက ကျနော်သာ အစိုးရဝန်ထမ်း၊ ဒါမှမဟုတ်လည်း အခြားအလုပ်တခုခုမှာ ဝန်ထမ်းအဖြစ် ရှိနေရင်လည်း ဒါမျိုးတွေလုပ်ဖို့ မလွယ်ပြန်ပါဘူး၊ ဘယ်ဝန်ထမ်းဖြစ်ဖြစ် ခုလို လူသိရှင်ကြားဖြစ်ပြီဆိုရင် အလုပ်မှာ အနည်းနဲ့အများ သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်၊
ကျနော့ကြောင့် သူတို့ရဲ့လုပ်ငန်းကို ထိခိုက်မှာလားဆိုတဲ့ အမြင်နဲ့ ပြသနာတက်နိုင်တာပါ၊ နောက်ဆုံးကုန်ကုန်ပြောရရင် အလုပ်ထုတ်ခံရနိုင်ခြေပါ ရှိပါသေးတယ်၊
နောက်တချက်ကတော့ မမြင်ရနိုင်တဲ့ အန္တရာယ်ကို ရင်ဆိုင်ရခြင်းပါ၊ ကျနော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး ရပြီးချိန်ကနေစပြီး ဆေးခြောက်တရားဝင် အသုံးပြုခွင့်ရရေးအတွက် ဆန္ဒပြတာ ဒါပထမဆုံးအကြိမ်ပါ၊ ဒါဟာ အန္တရာယ်များနိုင်တယ်လို့ ဒီကိစ္စတွေ မလုပ်ခင်မှာ ကျနော့အပေါင်းအသင်းတွေက အကြိမ်ကြိမ်သတိပေးကြပါတယ်၊
သေသေချာချာစဥ်းစားကြဖို့ သူတို့တိုက်တွန်းကြပါတယ်၊ ကျနော်ကိုယ်တိုင်လည်း လနဲ့ချီပြီး စဥ်းစားအဖြေထုတ်ခဲ့တာပါ၊ နောက်ဆုံးမှာ ဒါဟာ အန္တရာယ်မရှိနိုင်ဘူး၊ ဒါမှမဟုတ် ရှိလာခဲ့ရင်လည်း ရင်ဆိုင်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ခဲ့ပါတယ်၊
၃၊ ဒီနေရာမှာ စဥ်းစားစရာ အချက်တွေရှိပါတယ်၊ အဲဒါက စစ်အုပ်ချုပ်မှု နှစ် (၅၀) ကျော်ကြာမြင်ခဲ့တဲ့တိုင်းပြည်၊ လက်နက်ကိုင်တွေ အလွန်ပေါများပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှု အရှုပ်အထွေးကိစ္စက ကမ္ဘာပေါ်မှာ အမြင့်ဆုံး ဖြစ်နေတဲ့တိုင်းပြည်၊ မူးယစ်ဆေးဝါး တားစီးနှိမ်နင်းရေး ဆိုတာကို စစ်အစိုးရခေတ် တလျှောက်လုံးမှာ နိုင်ငံတော်အဆင့် အမျိုးသားရေး ရည်ရွယ်ချက်ဆိုပြီး လုပ်ဆောင်ခဲ့တဲ့တိုင်းပြည်၊ တနိုင်ငံလုံးက လူတွေ အများစုအမြင်မှာ ဆေးခြောက်ဆိုတာ မူးယစ်ဆေးဝါး၊ တိုင်းပြည်နဲ့ ပြည်သူလူထုကို ဖျက်ဆီးတဲ့အရာလို့ စစ်အစိုးရခေတ်တလျှောက်လုံး လုပ်ကြံဝါဒဖြန့်ချိခဲ့တဲ့ကိစ္စ၊ ဒီလိုမျိုး ပြသနာပေါင်းများစွာထဲမှာ ဆေးခြောက်ကို တရားဝင် အသုံးပြုခွင့်ရဖို့ တောင်းဆိုတာ ဘာလို့ အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆတာလဲပေါ့၊
အမှန်အတိုင်းပြောရရင် အန္တရာယ်ရှိတယ် မရှိဘူးဆိုတာထက် ကျနော့ကို အဓိကတွန်းအားပေးတဲ့ကိစ္စက လူ့အခွင့်အရေးပါ၊ ကျနော်တို့တိုင်းပြည်ဟာ ဒီမိုကရေစီ ခေါင်းစဥ်အောက်ကို ရောက်ရှိလာတာ ဆယ်စုနှစ် တခုနီးပါး ရှိနေပါပြီ၊ ဒါပေမဲ့ ပြည်သူ့အခွင့်အရေး လူ့အခွင့်အရေးကတော့ မရရှိသေးပါဘူး၊ အဆိုးဝါးဆုံး လူ့အခွင့်အရေးကို တားစီးပိတ်ပင်ထားတာက မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပါတယ်၊ တကိုယ်ရည် မူးယစ်ဆေးဝါး အသုံးပြုခြင်းဟာ ရာဇဝတ်မှု တခုလို့ သတ်မှတ်ထားသရွေ့ ကျနော်တို့တိုင်းပြည်ဟာ ဘယ်လိုပင် ဒီမိုကရေစီလို့ အော်နေအော်နေ အတုအယောင် ဒီမိုကရေစီသာ ဖြစ်နေဦးမယ်ဆိုတာပါပဲ၊ ဒါဟာ မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ အစိုးရ အားပြိုင်မှု မဟုတ်ပါဘူး၊ ဒါဟာ စစ်အစိုးရနဲ့ NLD အစိုးရရဲ့ အားပြိုင်မှုပါ၊
ကျနော်က ပြည်သူတယောက်အနေနဲ့ ပြည်သူ့အခွင့်အရေးကို တောင်းဆိုလိုက်ပါပြီ၊ ကျနော်နဲ့အတူ ဒီအခွင့်အရေးကို တောင်းဆိုတဲ့လူ ထောက်ခံတဲ့လူတွေဟာလည်း သောင်းနဲ့သိန်းနဲ့ချီ ရှိနေပါပြီ၊ ဒါကို ဒီမိုကရေစီ အစိုးရအနေနဲ့ ဘာလုပ်ပေးမှာလဲလို့ ကျနော်က သိချင်မိပါတယ်၊
၄၊ အစကိုပြန်သွားပါမယ်၊ ဆေးခြောက်တရားဝင်ရေးကို အခုလက်ရှိအချိန်ထိ ထောက်ခံသူ အများစုက လူငယ်တွေနဲ့ ဆေးခြောက်လောကသားတွေပါ၊(အခြားဆေးဝါးသုံးစွဲသူတွေလည်း ထောက်ခံကြပါတယ်) ဒါပေမဲ့ သာမန်ပြည်သူ အယောက် တထောင်လောက် ထောက်ခံတာနဲ့ နာမည်ကြီး ဆယ်လီတယောက် ထောက်ခံတာက အဆပေါင်းများစွာ ကွာခြားပါတယ်၊
ဟုတ်ပါတယ်၊ သာမာန်လူတယောက် အနောက်မှာ ဘယ်သူမှ မပါပေမယ့် နာမည်ကြီး ဆယ်လီတယောက် အနောက်မှာ လူပေါင်း သောင်း၊သိန်း ချီပြီး ရှိနေတာပါ၊ ကျနော်တို့ လှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ကနေစပြီး ယနေ့အချိန်ထိ ဆယ်လီတွေရဲ့ ထောက်ခံမှု အလွန်နည်းပါသေးတယ်၊ ကျနော်မြင်မိသလောက်၊ အဆိုတော် အသိုင်းအဝိုင်းက ကိုဗျူဟာ၊ စာပေနယ်က ကိုမြေမှူန်လွင်၊ ရုပ်ရှင်နဲ့မော်ဒယ်လောကမှာဆို ကိုဥက္ကာမင်းမောင်၊ မီဒီယာနယ်ပယ်က ကိုရဲဝင့်သူ ဒီလေးယောက်ပဲ ရှိပါသေးတယ်၊ [ဒါကကျနော်သိသလောက်ပါ၊ ကျနော်မသိပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထောက်ခံအားပေးသူတွေလည်း အထိုက်အလျောက်ရှိကြပါတယ်]
ဆိုတော့ အဲဒီလို ဆယ်လီတွေရဲ့ တရားဝင် ထောက်ခံအားပေးမှုဟာ ကျနော်တို့ သွားနေတဲ့ လမ်းကြောင်းအတွက် အတော်လေး အသုံးဝင်လွန်းလှပါတယ်၊ နောက်ထပ်လည်း အခြားဆယ်လီတွေအနေနဲ့ အခုလို ပေါ်ပေါ်ထင်ထင် ထောက်ခံအားပေးမယ်ဆိုရင် အချိန်တိုလေးအတွင်းမှာပဲ ဆေးခြောက်တရားဝင်ရေးက ဖြစ်လာပါလိမ့်မယ်၊
[ ဥပမာ - သင်ဇာဝင့်ကျော်လို နန်းမွေစံလိုလူမျိုးက " မောင်လေးရေ ဆေးခြောက်သောက်မလား ဟင့် ဟင့် " ဆိုပြီး စတေးတပ်တကြောင်းပဲတင်ဦး၊ ကိုအငဲလို ကိုလေးဖြူလို လူမျိုးက " ဟေ့ညီလေး ဆေးခြောက်သောက်စမ်းကွာ " လို့ တခွန်းပဲပြောဦး၊ လူထုရဲ့အမြင်က အများကြီးပြောင်းလဲသွားမှာပါ၊] (စကားချပ်)
အဲဒါမို့ ကျနော်က ဒီနေရာကနေ ဆယ်လီအပေါင်း သူတော်ကောင်းတွေကို အသိပေးချင်တာက ဆေးခြောက်လည်း သောက်တယ်၊ ဆေးခြောက်ကို တရားဝင်လည်း ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့ကို အားပေးထောက်ခံကြပါ၊ ကူညီဝန်းရံပေးကြပါ၊ ခဗျားတို့ရဲ့ စကားလေးတခွန်း၊ ဓာတ်ပုံလေးတပုံက ဘယ်အတိုင်းအတာထိတောင် အသုံးဝင်တယ်ဆိုတာ ကျနော်ကောင်းကောင်းသိနေပါတယ်၊ ဒီတော်လှန်ရေးမှာ ခဗျားတို့ရဲ့အားက မဖြစ်မနေလိုအပ်ပါတယ်၊
နိုင်ငံတကာမှာလည်း ဆေးခြောက်တရားဝင်ရေးတွေ လုပ်ကြတဲ့အခါ ကျနော်တို့လို လမ်းပေါ်ထွက် ပေါ်ပေါ်ထင်ထင် ဆန္ဒပြတောင်းသူတွေ ရှိသလို၊ တဖက်မှာလည်း သူတို့ကို ထောက်ခံအားပေးတဲ့အနေနဲ့ သီချင်းတွေ ရေးစပ်ကြပါတယ်၊ ရုပ်ရှင်တွေထဲ ထည့်ရိုက်ပြကြပါတယ်၊ ဟာသတွေမှာ ထည့်သွင်းပြသကြပါတယ်၊ ဓာတ်ပုံမော်ဒယ်တွေဟာလည်း အလှဓာတ်ပုံတွေရိုက် တဖက်တလမ်းကနေ ထောက်ခံအားပေးကြပါတယ်၊
ကျနော်တို့အဖွဲ့အနေနဲ့လည်း အဲဒီလို ထောက်ခံအားပေးမှုတွေက မဖြစ်မနေ လိုအပ်ပါတယ်ဆိုတာကို အခုဒီနေရာကနေ အသိပေးပြောကြားလိုပါတယ်၊
အဲဒီမှာမှ အရေးကြီးဆုံးကတော့ စတုန်နာတွေပါ၊ ဒီကိစ္စတွေရဲ့ ကနဦးအစကို စတုန်နာတွေကသာ ဖန်တီးထားခြင်းဖြစ်ပါတယ်၊ ကျနော်တို့မတိုင်ခင်မှာလည်း ဆိုရှယ်မီဒီယာတွေပေါ်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုံ့ဆော်နေကြသူတွေရှိပါတယ်၊ ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ ဘယ်လောက်အော်အော် လမ်းပေါ်တခါထွက်တဲ့ အချိန်ကျမှပဲ လူထုရဲ့ စိတ်ဝင်စားမှုက တရှိန်ထိုးမြင့်တက်လာတာပါ၊ ဒီတော်လှန်ရေးကို အကြီးမားဆုံး ထောက်ပံ့ထားတဲ့ လူတွေကတော့ စတုန်နာအပေါင်း သူတော်ကောင်းတွေ ဖြစ်ကြတယ်ဆိုတာကိုလည်း လေးလေးစားစား ထည့်သွင်းပြောကြားလိုက်ပါတယ်ခဗျာ၊ ရှေ့ဆက်ပြီးတော့လည်း ကျနော်တို့ဆောင်ရွက်မယ့် လှုပ်ရှားမှုတွေမှာ မဖြစ်မနေပူးပေါင်းပေးဖို့ အားလုံးကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ဗျ။
[ #မျှဝေရန်လိုအပ်သည် ]
#စိန်လှမောင်NJ
#NJ_Family's
#MyanmarStonerClub
Comments
Post a Comment